မကြာသေးခင်က ရန်ကုန် - မန္တလေး အမြန်လမ်းမှာ ကားမီးလောင်လို့ လူ ၈ ဦး သေဆုံးခဲ့တဲ့ အမှုမှာ ကားပေါ်က ဆင်းလာသူ ၂ ဦး ရှိတယ်ဆိုတဲ့ မျက်မြင် သက်သေပြောဆိုချက်ဆိုတဲ့ သတင်းဟာ လက်တွေ့ စစ်ဆေးချက်တွေနဲ့ ကွဲလွဲနေပြီး ဒါဟာ မှားယွင်းနေတယ်လို့ စီအိုင်ဒီ မူခင်း ရဲတပ်ဖွဲ့ အမှုစစ် ရဲမှူး မိုးအောင်က ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့က ရဲမှူး မိုးအောင်က သည်ဗွိုက် ကို အဲဒီလိုပြောလိုက်တာဖြစ်ပြီး ဘက်စုံ စစ်ဆေး
ချက်တွေနဲ့တွေ့ရှိချက်တွေကို အထက်အရာရှိတွေဆီတင်ပြထားတာကြောင့် အများပြည်သူ အမြင်ရှင်းစေဖို့ မကြာခင်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပေးသွားမှာလို့ဆိုပါတယ်။
ဒီကနေ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာလည်း အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျာနယ်တခုရဲ့ ရေးသားဖော်ပြထားတဲ့ ကားပေါ်က ဆင်းလာသူ ၂ ဦးဆိုသည့် မျက်မြင်သက်သေပြောဆိုချက်နဲ့ ဓာတ်ပုံ၊ ဗွီဒီယိုတို့နဲ့ပတ်သက်ပြီး အမျိုးသမီးတဦးက အဆိုပါ ဓာတ်ပုံထဲတွင် ပါဝင်သည့် အောင်ခန့်နှင့် အတူ ရပ်စကားပြောနေသူသည် ၄င်း၏ အကိုဖြစ်ကြောင်းပြောဆိုထားပါတယ်။
အဆိုပါ အမျိုးသမီးက ထိုနေ့က အဆိုပါ အမျိုးသားပါဝင်တဲ့ မိသားစုက ကားထိခိုက်သည့် မြင်ကွင်းအခင်းဖြစ်ပွားချိန်တွင် ကူညီပေးရန် ကားရပ်ပြီး သွားကူခြင်း ဖြစ်ကြောင်း၊ အောင်ခန့်က အိမ်ကို ဖုန်းဆက်ချင်ကြောင်း အကူအညီတောင်းလို့ဖုန်းပေး ဆက်တာသာဖြစ်ပြီး မဟုတ်မမှန် သတင်းရေးသားတင်ပြမှုကြောင့် သူ၏ အကိုကိုလည်း ထိခိုက်သည့် အပြင် ဒုက္ခရောက်သူကို ကူညီရန် တွန့်ဆုတ်သွားအောင် မလုပ်သင့်ကြောင်း ထောက်ပြဝေဖန်သွားတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲလောက်က အမြန်လမ်း မိုင်တိုင် ၄ အကျော် ပဲခူးဘက်က ရန်ကုန် ကို မောင်းလာတဲ့ ဟိုင်းအေ့စ်ကားတစီး မီးလောင်လို့ ကားပေါ်လိုက်ပါလာသူ ၈ ဦးမီးလောင်သေဆုံးပြီး ၁ ဦး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
လွတ်မြောက်လာသူ အောင်ခန့်က ကားမောင်းခဲ့သူဟာ မထွက်ဆိုခဲ့သေးပဲ ကားမီးလောင်မှု ထဲတွင်ပါဝင် သေဆုံးသူ ဦးဝင်းထွန်းက ယာဉ်ကို မောင်းခဲ့တာလို့ အခင်းဖြစ်ပွားပြီး ကနဦးထွက်ဆိုထားခဲ့တာပါ။
ဒါပေမယ့် နောက် ၂ ရက်အကြာမှာတော့ ၄င်းကိုယ်တိုင် ကားကို မောင်းနှင်ခဲ့တာဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့ပါတယ်။
အိမ့်သံစဉ် ~
၈ ဦးသေဆုံးသည့် အမြန်လမ်းကားမီးလောင်မှုမြင်ကွင်း၊ ဓာတ်ပုံ- ကျော်ကြီး (MDL)

No comments:
Post a Comment