Pages

Tuesday, February 7, 2017

မိုက်ကာ နိဂုံးချုပ်ပြီလား


မြန်မာနိုင်ငံမှာ ဂျိုက်ကာ ( JICA ) ဆိုတာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို အကူအညီပေးရေး လုပ်နေတဲ့ အဖွဲ့ဆိုတာ လူတော်တော်များများ သိကြပေမယ့် မိုက်ကာ ( MICA-Myanmar International Cooperation Agency ) ကိုတော့ အရင်က လူသိနည်းကြပါတယ်။



ဒါပေမယ့် ၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက သောမတ်စ် ကန်းရေးတဲ့ လျှို့ဝှက်အေဂျင်စီနှင့် ဒေါ်လာသန်းချီ တန် မြုပ်ကွက်များဆိုတဲ့ ဆောင်းပါး ထွက်လာပြီး လူတွေလည်း မိုက်ကာဆိုတာ ရိပ်ဖမ်းသံဖမ်း သိလာကြတယ်။

 သူ့အဆိုအရ မိုက်ကာကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က သမ္မတ ဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ စတင်ထူတောင်တယ်လို့ ဆိုတယ်။ မိုက်ကာ ရုံးခန်း တည်ရှိရာက ကမာရွတ်မြို့နယ်၊ ဥယျာဉ်လမ်းမှာ ဖြစ်တယ်။

 မိုက်ကာက မြေကွက်တွေ အများကြီး ရှိခဲ့ပြီ၊ ယခု အစိုးရသစ်လက်ထက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင် လယ်မြေများ၊ ငါးကန်များ၊ စက်ရုံများ ပါဝင်ပြီး နိုင်ငံပိုင်ခြံမြေနှင့် စက်ရုံဝင်း ၆၆ ခုထက်မနည်း ငှားရမ်းထားတယ်လို့ဆိုတယ်။ ခန့်မှန်းခြေ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိတယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလတုန်းက ရွှေနဂါး ဆောက်လုပ်နေရေး - The Golden Dragon Construction -GDC နဲ့ မိုက်ကာတို့ဟာ အင်းစိန်မြို့နယ်က မြေဧက ၆၄ ကျော် ကျယ်ဝန်းတဲ့မနေရာကြီး တခုမှာ အမေရိကန် ဒေါ်လာ ၆၂ သန်းတန်ဘိုးရှိတဲ့ ဒညင်းဂုံး လက္ကားဈေးကြီးတခုဆောက်လုပ်ဖို့ စာချုပ်လက်မှတ်ထိုးခဲ့ကြပါသေးတယ်။ ဒီအပြင် အခြား စီးပွားရေးလုပ်ငန်းတွေကိုလည်း ပါဝင် ပတ်သက်ထားတယ်လို့လည်း ဆိုတယ်။  

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံးဝန်ကြီး တဦးဖြစ်တဲ့ ဦးစိုးသိမ်းက မိုက်ကာ ဥက္ကဌ တာဝန်ယူသည်။ အစိုးရ အရာရှိကြီးကြီးတွေနဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေဖြစ်တယ်။

အခုတော့ ဦးစိုးသိမ်းက အမျိုးသားလွှတ်တော် ကယားပြည်နယ် ဘောလခဲ အမတ်အဖြစ်ရွေးကောက်ခံထားရတယ်။

 မိုက်ကာက ထိမ်းချုပ်ထားတဲ့ မြေ၊ အဆောက်အဦတွေကို ကုမ္ဗဏီကြီးတွေကို ငှားရမ်းထားတာ အပါအဝင် တခြား ငွေမြောက်အများကို ရရှိနေပြီး ဝန်ကြီးဌာနကတော့ စာရင်းစစ်နဲ့ တကွလုပ်တယ်လို့ဆိုတယ်၊ ဒါပေမယ့် လွတ်လပ် တဲ့ စာရင်းစစ်တွေက ပုံမှန်စစ်ဆေးခဲ့တယ်၊ မစစ်ဆေးခဲ့ဘူးဆိုတာတော့ ထုတ်မပြောဘူးတဲ့။ 

ဘာပဲပြောပြောလက်ရှိ NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ လွှတ်တော်အမတ်တွေလည်း ဒီကိစ္စကို အတော်ပဲ စိတ်ဝင်စားနေကြပြီး နိုင်ငံနဲ့ ပြည်သူ အကျိုးမပြုတဲ့ မိုက်ကာ ကို ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့က အမျိုးသား လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ကြပြီး မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ဆည်မြောင်းဝန်ကြီးဌာနတွေအနေနဲ့ သိသာရှင်းလင်းဖို့ မေးခွန်းထုတ်ခဲ့ ကြတယ်။

 ထူးခြားတာက မိုက်ကာတာဝန်ခံ ဝန်ကြီးဟောင်း ဦးစိုးသိမ်း ( ယခု အမျိုးသား လွှတ်တော်အမတ်)က အဲဒီနေ့က လွှတ်တော်ကနေ ခွင့်ယူထားတယ်လို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ မိုက်ကာနဲ့ပတ်သက်ပြီး အခုဆိုရင် နိဂုံးချုပ်တော့ မလားဆိုတာတော့ မကြာခင် ပိတ်ကားပေါ် ပေါ်လာတော့မယ်လို့ ယူဆမိပါကြောင်း။


 အိမ့်သံစဉ် ~



No comments:

Post a Comment