ရန်ကုန်မြို့မှာ ရုပ်ရှင် အက်ရှင် ဇာတ်လမ်းလို လူဆိုနဲ့ ရဲ သူ ပစ်၊ ကိုယ်ပစ် ရင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ နဂါးလေး ခေါ် အောင်မြင့်နိုင် ကို ယနေ့ မနက်ပိုင်းက မင်းဘူးမြို့နယ်မှာ ဖမ်းဆီးရမိသွားပါပြီ။
နဂါးလေးဟာ ပစ္စဖိတ် ဓာတ်ပုံတိုက်ပိုင်ရှင်ကို ပြန်ပေးဆွဲတဲ့ အမှုမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတွေနဲ့ တရားခံပြေးကြေညာခံထားရချိန် ရဲတွေက သူ့ကို တောင် ဒဂုံမြို့နယ် ၂၀ ရက်ကွက်နားမှာ သူစီးလာတဲ့ ကားကို တားဆီး ပိတ်ဆို့ဖမ်းဆီးစဉ်မှာ ရဲတွေနဲ့ သူတို့ ပစ်ခတ်ရင်း ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။
သူစီးခဲ့တဲ့ ကားကိုတော့ သင်္ချိုင်းနားမှာ ကျည်ဆံဒဏ်ရာတွေနဲ့ သိမ်းဆီးရမိခဲ့ပါတယ်။ သူ့ဇနီးရဲ့ ဆွေမျိုးတွေရှိတဲ့ မင်းဘူးကို သူ ဘယ်လို တိမ်းရှောင်ခဲ့တယ်ဆိုတာတော့ အသေးစိပ် မသိရသေးပါဘူး။
ဒါပေမယ့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့သတင်း ထုတ်ပြန်မှုကတော့
”ထွက်ပြေးလွတ်မြောက်သွားသူ တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်အား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူ ဌာနမှ ဒုရဲမှူး ညိုပု ဦးစီးတပ်ဖွဲ့ဝင်များက ၎င်းတိမ်းရှောင်သွားနိုင်သည့်နေရာများသို့ စုံစမ်းပြီး လိုက်လံဖမ်းဆီးခဲ့ရာ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မကျီးချောင်း ၄ ရပ်ကွက်ရှိ ၎င်း၏အဒေါ်တော်စပ်သူ ဒေါ်ချိုပြုံး၏နေအိမ်သို့ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မင်းဘူးခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနမှရဲတပ်ဖွဲ့ဝင်များအားခေါ်ဆောင်၍ဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် နဂါးလေး(ခ)အောင်နိုင်မြင့်အား Honda Fit မော်တော်ယာဉ်နှင့်အတူ လက်ရဖမ်းဆီးရမိခဲ့သည်။“ လို့ ဖော်ပြထားပါတယ်။
နဂါးလေးဟာ တချိန်ကလည်း ထောင် အကြိမ်ကြိမ် ကျခံခဲ့ရဘူးပြီး လူဆိုးလေး ဘဝမှ အခုလို လူဆိုးကြီး အဖြစ် နာမည်ကြီးလာခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။
အိမ့်သံစဉ် ~
ဓာတ်ပုံ၊ CD

No comments:
Post a Comment