ဝီကီလိခ် တည်ထောင်သူ မစ္စတာ ဂျူလီယမ် အာဆာ့ခ်ျရဲ့ ကံကြမ္မာဟာ အီကွေဒေါ သမ္မတ ရွေးကောက်ပွဲအပေါ် မူတည်နေတယ် လို့ အမေရိကန် အခြေဆိုက် Foreign Policy အယ်ဒီတာ ကောက်နုတ်ချက်မှာ
ဒီကနေ့ဖော်ပြလိုက်ပါတယ်။
အီကွေဒေါ သမ္မတရွေးကောက်ပွဲမှာ ရှေ့တန်းက ပြေးနေတဲ့ သမ္မတလောင်း Guillermo Lasso က လာမယ့်သတင်းပါ သမ္မတရွေးကောက်ပွဲမှာ သူအနိုင်ရရင်တော့ ဝီကီလိခ် အကြီးအကဲ ဂျူလီယမ်အာဆာ့ခ်ျကို သူ နိုင်ငံရေး ခိုလှုံနေတဲ့ လန်ဒန်က အီကွေဒေါ သံရုံးကနေ ထွက်ခွာသွားဖို့ပြောဆိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဆာ့ခ်ျဟာ သူ့လုံခြုံရေးအတွက် လန်ဒန်မှာ ရှိတဲ့ အီကွေဒေါ သံရုံးထဲမှာ နိုင်ငံရေး ခိုလှုံခွင့် ယူထားတာ ၄ နှစ်ကျော်ရှိနေပါပြီ။
အာဆာ့ခ်ျဟာ သြစတြေးလျလူမျိုး ကွန်ပျူတာ ပရိုဂမ်မာ တဦး လည်း ဖြစ်သလို ဂျာနယ်လစ် တဦးလည်းဖြစ်သလို ၂၀၀၆ ခုနှစ်က ဝီကီလိခ်ကို စတင်တည်ထောင်သူလည်းဖြစ်ပါတယ်။ သူဟာ ဟက်ကာအဖြစ်လည်း နာမည်ကြီးပါတယ်။
အမေရိကန် စစ်သားဟောင်း ချယ်လ်ဆီး မဲန်းနီးန်းရဲ့ ဆီက သတင်းယိုစိမ့်ချက်တွေတသီကြီးကို သူက ရရှိခဲ့သူပါ။ ဒါကြောင့် ဝီကီလိခ်က အာဖဂန်စစ်ပွဲကိစ္စတွေ၊ အီရတ်စစ်ပွဲကိစ္စတွေအပါအဝင် နိုင်ငံတကာ နိုင်ငံရေးနယ်ပယ်က ကိစ္စတွေအပြင် မြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့ အမေရိကန် လျှို့ဝှက်သတင်းပို့ချက်တွေကို သူက ထုတ်ပြန်ခဲ့ပါတယ်။
သူ့အကြောင်း ရုပ်ရှင်ကလည်း နာမည်ကြီးပါသေးတယ်။
၂၀၁၂ ခုနှစ်က အမေရိကန် အစိုးရက သူ့ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းမှုလုပ်ဖို့ ကြိုးစားခဲ့ပြီး ဗြိတိန်ရဲက ဖမ်းဆီးတော့မယ့် အချိန် လန်ဒန်မှာ ရှိတဲ့ အီကွေဒေါသံရုံးမှာ သူက နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့တာလည်းဖြစ်ပါတယ်။ အာဆာ့ခ်ျရဲ့ဝီကီလိခ်ကြောင့် မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တာလည်း အဲဒီတုန်းက ဖော်ပြချက်တွေ
ထွက်ပေါ်လာခဲ့ပါသေးတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ရန်ကုန်မြို့ အမေရိကန်သံရုံး၊ နိုင်ငံရေးနဲ့ စီးပွားရေးဌာန တာဝန်ခံ Leslie Hayden က ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၄ ရက် နေ့စွဲနဲ့ ပေးပို့တဲ့ ကြေးနန်းစာမှာ အဲဒီလို ဖော်ပြချက်ကို ဝီကီလိခ်က ဖော်ပြခဲ့ပါတယ်။
ဝီကီလိခ်က ဖော်ပြတဲ့ အဲဒီကြေးနန်းစာမှာ NLD ပါတီက “အန်ကယ်ကြီး” တွေဟာ လွန်ခဲ့တဲ့ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေတုန်းက မြန်မာ နိုင်ငံရေး ပြန်လည်နိုးကြားပြီး ဒီမိုကရေစီ လှုပ်ရှားမှု ပြန်အားကောင်းလာအောင် ကြိုးပမ်းခဲ့ကြတဲ့ အင်အားစုတွေရဲ့ ဆွေးနွေးမှုတွေကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ်လို့ ဖော်ပြခဲ့ဖူးပြီး အန်ကယ်ကြီးတွေ ဦးဆောင်မှုအောက်မှာ NLD ပါတီဟာ အထက်အောက် ခွဲခြားမှုကြီးမားပြီး တက်ကြွလွန်းသူတွေလို့ယူဆသူတွေကို ပါတီကနေ ထုတ်ပယ်ပစ်လေ့ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီအပြင် ၂၀၁၀ ခုနှစ်က ရွေးကောက်ခံ အမတ်အများစုဟာ မန်မာပြည်သူတွေရဲ့ လူမှုရေးစီးပွားရေးနဲ့
ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးကြတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဒီအပြင် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့အနာဂါတ်နဲ့ပတ်သက်ပြီး ထိုစဉ်က မြန်မာ စစ်အစိုးရ ဆီက ဘာအာမခံချက်မှ မရှိသလို ထိုစဉ်က အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD ဟာလည်း တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုရဖို့ အခွင့်အရေးတွေကို အကြိမ်ကြိမ် လက်လွတ်ခဲ့ပြီး စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး
ရေး တခုတည်းပဲတောင်းဆိုနေတယ်လို့ဖော်ပြခဲ့ဖူးပါတယ်။
တရုတ်နဲ့ အိမ်နီးချင်း နိုင်ငံတွေကလည်း NLD နဲ့ တိုင်းရင်းသားတွေအကြား ပေါင်းစည်းမှု ဖြစ်မလာနိုင်တာကို သတိပြုမိတယ်လို့ ဖော်ပြထားပြီး စစ်တပ်က ဒါကို အခွင့်ကောင်းယူကာ တိုင်းပြည်တည်ငြိမ်းရေး စစ်တပ်ကသာလျှင် တခုတည်းသော အင်အားအဖြစ် အိမ်နီးချင်းနိုင်ငံတွေကို စည်းရုံးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအချိန်က နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကတဆင့် တိုင်းရင်းသားအဖွဲ့တွေဆီ ကမ်းလှမ်းတဲ့သတင်းစကားတွေအရ အထက်က အချက်တွေကို သူက ကောင်းကောင်း နားလည်ပေမယ့် သူ့ပါတီက တိုင်းရင်းသားခေါင်းဆောင်တွေကို NLD ဌာနချုပ်ကို အလည်လာဖို့ လောက်ပဲ လုပ်နိုင်ခဲ့ကြတယ်လို့ ဆိုခဲ့တာပါ။
အိမ့်သံစဉ် ~
ဒီကနေ့ဖော်ပြလိုက်ပါတယ်။
ဝီကီလိခ် တည်ထောင်သူ ဂျူလီယန်အာဆာ့ခ်ျ၊ဓာတ်ပုံ_FP

No comments:
Post a Comment