အခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဟာ တပို့တွဲလပြည့်နေဖြစ်တာကြောင့် မြန်မာတို့ ထုံးစံ ထမနဲထိုးပြိုင်ပွဲတွေ၊ ထမနဲ ဆွမ်းကပ်လှူပွဲတွေနဲ့ အတူ မိတ်ဆွေတွေကို ထမနဲ ဝေငှဒါနပြုခြင်းတွေနဲ့ စဉ်ကားနေမှာ အမှန်ပါ။
မြန်မာနိုင်ငံက ကီလိုမီတာ ၈ ထောင်လောက်ကွာဝေးတဲ့ ဥရောပ အလယ်ပိုင်းမှာနေထိုင်တဲ့ ကျမအတွက် ထမနဲထိုးပြီး မနက်ဖြန်မှာ မြန်မာတို့ ဓလေ့ထုံးစံအတိုင်း ထမနဲ ဆွမ်း ကပ်ချင်တာကြောင့် ဒီညမှာ ထမနဲ ထိုးဖြစ်ပါတယ်။ ဥရောပမှာ မိုးဗြဲဒယ်နဲ့ ပုဆိုးခါးတောင်းကျိုက်ပြီး ထမနဲ ထိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
ဒါကြောင့် အိမ်တွင်းဖြစ် ထမနဲအဖြစ် လုပ်နည်းလုပ်ဟန်လေးကို အများသူငါ အတွက် မျှဝေပေးလိုက်ပါတယ်။
အိမ်မှာပဲ အလွယ် လုပ်စားလို့ရတဲ့ ထမနဲ ထိုးနည်း လေးပါ။
၁။ ကောက်ညှင်းဆန် ၁ ကီလိုဂရမ်ကို ရေဆေးပြီး ရေကျက်နွေးလေးနဲ့ ၃ နာရီလောက် စိမ်ထားပါ။
၂။ ( အုန်းသီးတလုံး )အုန်းသီးဆံ ပါးပါး လှီးထားပါ။
၃။ ဂျင်း လက် တဆစ်ခန့်ကို ညက်နေအောင် ထောင်ထားပြီး နောက်ထပ် ဂျင်း လက် ၂ နှစ်သစ်ခန့်ကို အမျှင်လေးတွေ လှီးထားပါ။
၎။ မြေပဲဆံ(နို့ဆီဗူးတဝက်ခန့်) လှော်ထားပြီး လုံးခြမ်းခွဲထားပါ။
၅။ နှမ်းနက်ကို လှော်ထားပါ။ ( နှမ်းဖြူ ကြိုက်သူများက နှမ်းဖြူကို လှော်ထားပါ)
၆။ မီးအသင့်အတင့်နဲ့ နေကြာဆီ ၁၀ ကျပ်သားခန့်ကို ဒယ်အိုးထဲထည့်ပြီး ဆီကျက်အောင်စောင့်ပါ။
၇။ ဆီကျင်လျှင် အုန်းသီးဆံကို ကြော်ပါ။ နုတ်ခမ်းသား ရဲခါစတွင် ဆယ်ယူပြီး ဆီစစ်ထားပါ။
၈။ ထို့နောက် အဆိုပါ ဆီဒယ်အိုးထဲမှာပဲ ဂျင်းမျှင်လေးများကို ကြော်ပြီး ဆယ်ယူဆီစစ်ထားပါ။
၉။ ထောင်းထားသော ဂျင်းကို ဆီသတ်ပြီး ဂျင်းနံ့ မွှေးလာပါက ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ထည့်ပါ။ ရေကို တလီတာ၏ ၄ ပုံ ၃ ပုံ ထည့်ပါ။
၁၀။ တဆက်တည်း ကြော်ထားသည့် အုန်းသီးဆံ ၄ ပုံ ၃ ပုံ၊ မြေပဲဆံလှော်၊ ဂျင်းမျှင်၊ နှမ်းနက်လှော်၊ ဆား အသင့်အတင့်၊ သကြားလက်ဘက်ရည်စွန်းငယ် တဇွန်း တို့ကို ထည့်ပြီး သမအောင် မွှေပါ။
ပွက်ပွက်ဆူလာပြီး တဖြည်းဖြည်း ရေနည်းနည်းသွားသော်လည်း ဆန်စေ့ကြေညက်ပြီး စေးထန်းလာသည်အထိ မီးအေးအေးထားပြီး ဆက်မွှေပေးပါ။ ရေလုံးဝ ခန်းပြီး ဆီသင်းနံ့ထွက်လာပြီးနောက် အဆင်သင့် စားသုံးလို့ရနိုင်ပါပြီ။
အိမ့်သံစဉ် ~
နှမ်းနက်နဲ့ ထိုးထားတဲ့ ထမနဲ။ ဓာတ်ပုံ- အိမ့်သံစဉ်

No comments:
Post a Comment