မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်စာတွေ အများအပြား လက်ခံရရှိပြီး စုံစမ်းစစ်ဆေးပြီးချိန်မှာ ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာလို့ ပါတီ အကြီးအကဲတဦးဖြစ်တဲ့ ဦးဝင်းထိန်က ဒီကနေ့ပြောလိုက်ပါတယ်။ ဒီအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဘယ်သူဖြစ်လာမလဲလို့လူတွေက သိချင်နေကြပါတယ်။
အခုအချိန်မှာတော့ ပါတီအနေနဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် အသစ်အဖြစ် ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံ ကိုထောက်ခံထားတယ်လို့ သူက ပြောဆိုထားပါတယ်။
ဦးဥာဏ်ဝင်း ဦးဆောင်တဲ့ ပါတီ စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးပြီးနောက် ရာထူးက ထုတ်ပယ်ဖို့ဆုံးဖြတ်အပြီး ဦးမင်းမင်းဦးဟာ သူ့သဘောနဲ့ သူ ဘယ်သူ့ကို မှ မပုပ်ခတ်ပဲ နုတ်ထွက်သွားတာဖြစ်တယ်လို့လည်း ဦးဝင်းထိန်က ဒီဗွီဘီနဲ့ တွေ့ဆုံမှုမှာ ပြောဆိုလိုက်ပါတယ်။
ဦးမင်းမင်းဦးဟာ သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ
“နုတ်ထွက်ပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ဖြစ်တည်မှု အားလုံးဟာ ပျက်စီးဖို့ရာ ဓမ္မတာပါပဲ။
မင်းမင်းဦး –
ဝန်ကြီးချုပ်၊ မွန်ပြည်နယ်” လို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရေးသားဖော်ပြခဲ့ပါတယ်။
အိမ့်သံစဉ် ~
ဓာတ်ပုံ၊ ဒေါက်တာအေးဇံ၏ ဖေ့စ်ဘုတ်စာမျက်နှာ

No comments:
Post a Comment