Pages

Saturday, March 25, 2017

EU 60_ ရောမ စာချုပ် လက်မှတ်ထိုးခြင်း နှစ် ၆၀ သို့ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ (ရုပ်/သံ)

ရောမ စာချုပ် နှစ် ၆၀ ပြည့် အခမ်းအနားအတွက် မြန်မာ နိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရုပ်မြင်သံကြား သဝဏ်လွှာပေးပို့တာပါ။




 အပြည့်အစုံကတော့..

ရောမစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ် ၆၀ ပြည့်အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော သဝဏ်လွှာ

ရောမစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ် ၆၀ ပြည့် မင်္ဂလာရှိသော အခါသမယတွင် ဥရောပသမဂ္ဂနှင့် ဥရောပပြည်သူများသို့ ကျွန်မ၏ ဆုမွန်မေတ္တာနှင့် ဝမ်းမြောက်ကြောင်းတို့ကို ပို့သအပ်ပါသည်။


လွန်ခဲ့သော နှစ်ပေါင်း ၆၀ ယနေ့အခါသမယတွင် ရောမစာချုပ်သည် ၁၉၉၃ ခုနှစ်တွင် ဥရောပသမဂ္ဂကို ဖြစ်ထွန်းစေခဲ့သော ဥရောပစီးပွားရေးအသိုက်အဝန်းကို မွေးဖွားပေးခဲ့ပါသည်။

ဥရောပသမဂ္ဂဖြစ်စဉ်သည် ကွဲပြားခြားနားမှု၊ မညီညွတ်မှု၊ ယဉ်ကျေးမှုတန်ဖိုးများ ရောယှက်မှုနှင့် သမိုင်းစဉ်လာ အမွေအနှစ်တို့ကို ရောင်စုံချည်ဖြင့် ပုံဖော်ထားသည့် လှပကောင်းမွန်သည့် အဝတ် အထည်အဖြစ် ပြောင်းလဲရက်လုပ်နိုင်ကြောင်း ယုံကြည်သူများ၏ ပြင်းပြသော ဆန္ဒရည်မှန်းချက်များကို ရောင်ပြန်ဟပ်မှု ဖြစ်သည်။

ဥရောပသမဂ္ဂဖြစ်စဉ်သည် နိုင်ငံများနှင့် ပြည်သူများအကြား ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု၊ သဟဇာတဖြစ်မှုများ၏ မပြီးဆုံးနိုင်သောဖြစ်စဉ် တည်ဆောက်မှုတွင် စိတ်ရှည်သည်းခံမှု၊ ဇွဲလုံ့လရှိမှု လိုအပ်ချက်ကို ဖော်ပြပေသည်။

စိန်ခေါ်မှုအများအပြား ရှိပင်ရှိသော်ငြားလည်း အောင်မြင်သော ဖြစ်ထွန်းမှုအဖြစ် ကျွန်မတို့ ရူမြင်သော ဥရောပသမဂ္ဂဖြစ်စဉ်သည် ကျွန်မတို့အားလုံး အပြန်အလှန် လေးစား ချစ်ကြည်မှုများဖြင့် အတူတကွ နေထိုင်နိုင်သည်ဆိုသည်ကို သက်သေပြရန် ကြီးမားသော ကြိုးစားအားထုတ်မှုဖြင့် ဆက်လက် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။

ကျွန်မတို့ မြန်မာနိုင်ငံအနေဖြင့် ပြည်ထောင်စုကို လေးစားမှု၊ ယုံကြည်မှု၊ နားလည်မှုတို့၏ ခိုင်မာသော အခြေခံအုတ်မြစ်ဖြင့် ကြိုးပမ်းတည်ဆောက်နေချိန်တွင် ကျွန်မတို့သည် ဥရောပသမဂ္ဂ၏ မိတ်ဆွေတစ်ဦး အဖြစ် ရပ်တည်လျက်ရှိပါသည်။

ကျွန်မတို့အနေဖြင့် ဥရောပပြည်သူများ၏ ပျော်ရွှင်မှု၊ ကြွယ်ဝ ချမ်းသာမှုများသို့ အပြုသဘောကူညီပံ့ပိုးရန် အသင့်ရှိပါသည်။ ကျွန်မတို့အနေဖြင့်လည်း ကျွန်မတို့ ပြည်သူများ ပျော်ရွှင်မှု၊ ကြွယ်ဝချမ်းသာမှုများ ရရှိခံစားစေရန် ကျွန်မတို့၏ ကြိုးစား အားထုတ်မှုများကို ခိုင်ကြည်စွာ ထောက်ခံရပ်တည်ခဲ့သော ဥရောပသမဂ္ဂမှ မိတ်ဆွေများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ 

ကမ္ဘာတလွှားမှ အခြားသောပြည်သူများနှင့်အတူ ဥရောပသမဂ္ဂမှ ပြည်သူများ ဘဝခရီးလမ်းတလျောက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ကြပါစေဟု စစ်မှန်သော ဆန္ဒမွန်ဖြင့် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ!






အိမ့်သံစဉ် ~


No comments:

Post a Comment