Pages

Monday, March 27, 2017

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလုံးထွက်ပြခြင်း နောက်ကွယ်မှာ ဘာရှိသလဲ???

စစ်အစိုးရ တလျှောက်လုံး တပ်မတော်လုံး တပ်မတော်နေ့အဖြစ် ကျင်းပတဲ့ ဒီကနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက် တော်လှန်ရေးနေ့မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အငြိမ်းစား တပ်မတော်အရာရှိတွေကို နေပြည်တော်မှာရှိတဲ့ နန်းတော်တမျှ ခမ်းနားတဲ့ သူ့နေအိမ်မှာ တွေ့ဆုံကြတယ်ဆိုတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပါတယ်။



ဒီတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံကို Aung Paing Min အမည်နဲ့ ဖေ့စ်ဘုတ်အကောင့်ကတင်ခဲ့တာဖြစ်ပြီး ဓာတ်ပုံတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကျန်းကျန်းမာမာနဲ့ ဧည့်ခံနေတာတွေ့ရပါတယ်။



 ၂၀၁၀ ခုနှစ်နောက်ပိုင်း အလွန်ရှားပါးတဲ့ လူမြင်ကွင်းကို ထွက်လာခြင်းတွေထဲက တခုလည်းဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံရေး အခင်းအကျင်းမှာ ထူးခြားဖြစ်စဉ်တရပ်လို့ သုံးသပ်နေကြပါတယ်။

နိုင်ငံရေးမှာ တိုက်ဆိုင်မှု ဆိုတာ မရှိဘူးဆိုတဲ့ အတိုင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အခုလို လူလုံးထွက်ပြတာဟာ တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်တန်ရာ။

ဒီကနေ့ ထူးခြားချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နေ့ ဆိုတဲ့ အခမ်းအနားကို တက်ရောက်မှုမရှိတာပါ။ ဒီလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်မှုမရှိတာကို ထင်ရှားစေဖို့အတွက် ခုံလွတ်ကိုလည်း ထင်ရှားအောင် ပြသထားပါတယ်။

 ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆက်ဆံရေးအဆင်မပြေမှုကို ထင်ဟပ်တယ်လို့ သုံးသပ်ကြည့်နိုင်ပါတယ်။

 ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်အစားထိုးရေး ကြိုးပမ်းခဲ့သူ ဦးကိုနီ လုပ်ကြံခံရပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရနဲ့ စစ်တပ်အကြား ဆက်ဆံရေးကြဲပါးမှုပိုလာတာလည်း သတိထားမိပါတယ်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်က ထိမ်းချုပ်ထားတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေအပေါ် သြဇာ အာဏာ သက်ရောက်မှုမရှိတာ မြန်မာ့နိုင်ငံရေးလေ့လာသူတွေနဲ့ နိုင်ငံတကာကလည်း ရိပ်မိပြီးသားဖြစ်ပါတယ်။

 ဒါပေမယ့် တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်မှာ စစ်တပ်နဲ့ အဆင်ပြေပြေနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ငြင်ငြင်သာသာ ဖြစ်ရေး ကြိုးစားချင်လွန်းတဲ့ စိတ်က များလွန်းနေပြီး ဒီမိုကရေစီအရေး လူ့အခွင့်အရေး လှုပ်ရှားခဲ့ကြသူတွေနဲ့ ၄င်းအား အစဉ်တစိုက် ထောက်ခံ အားပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အုပ်စုများအပေါ် နီးကပ်တဲ့ ဆက်ဆံရေးမရှိခဲ့တဲ့အပေါ်လည်း ဝေဖန်ခံနေရပါတယ်။

 တဆက်တည်းမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးနဲ့ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ ပြည်နယ် တချို့မှာ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်မီးအရှိန်မသတ်နိုင်သေးတဲ့ ကိစ္စတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နုတ်ဆိတ်နေမှုဟာ ပိုပြီး ဝေဖန်ခံနေရတာသတိထားမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄င်း ဦးဆောင်တဲ့ အစိုးရဟာ ယခင် စစ်အစိုးရများနည်းလမ်းဟောင်းအတိုင်း ကျင့်သုံးမှုတွေ များပြားနေတာကိုလည်း ဝေဖန်ထောက်ပြခံနေရတာပါ။

 ရခိုင်ပြည်နယ် ကိစ္စမှာ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့ပေးခဲ့ပေမယ့် မကြာသေးခင်က ဥရောပ သမဂ္ဂက ဦးဆောင်ပြီး ဂျနီဗာမှာ ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ရခိုင်ပြည်နယ်အရေး အဆိုကို တင်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဒီအဆိုကို မဲခွဲကာ ရခိုင်ပြည်နယ်ကိစ္စ လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့စေလွှတ်ရေး ဆုံးဖြတ်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ နိုင်ငံခြားရေး ဌာနက လက်မခံ ငြင်းပယ်ခဲ့ပါတယ်။  ဒီဖြစ်စဉ်အပေါ် ဥရောပ သမဂ္ဂ နိုင်ငံတွေနဲ့ နိုင်ငံတကာက အံ့သြမင်သက်သွားကြပါတယ်။

အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ကို လက်ခံသင့်ပါလျှက် လက်မခံ ပယ်ချလိုက်တာဟာ စစ်တပ်နဲ့စစ်ခေါင်းဆောင်တွေ အလိုကျ လုပ်ဆောင်လိုက်တာပဲလို့ ဝေဖန်ကြပါတယ်။

 ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်တာဟာ ပြည်ထဲရေးနဲ့ ကာကွယ်ရေးက ဝန်ထမ်းတချို့က ကျူးလွန်ခဲ့တာဖြစ်နိုင်ပြီး ဒီကျူးလွန်မှုတွေအပေါ် စစ်တပ်က အကာအကွယ် ပေးထားတယ်လို့ စွပ်စွဲနေကြတာပါ။

ဒီလို စွပ်စွဲမှုတွေ အမှန်တကယ် ဟုတ်မဟုတ် သိစေနိုင်ဖို့ အကောင်းဆုံး နည်းလမ်းက လွတ်လပ်တဲ့ စုံစမ်းရေး အချက်အလက်ရှာဖွေရေး အဖွဲ့က အဖြေထုတ်နိုင်မယ်လို့ ဥရောပ သမဂ္ဂနဲ့ နိုင်ငံတကာက ရှုမြင်ထားကြပါတယ်။

 ဒါပေမယ့် အထက်ကလို ငြင်းဆိုမှုရဲ့ တဖက်မှာ တိုင်းပြည်ရဲ့ အာဏာဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထဲမှာ မရှိဘူးဆိုတာကို ဖော်ပြရာလည်း ရောက်သလို ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ပြန်ပေးဆွဲခံထားရသလားလို့လည်း သံသယဖြစ်ဖွယ် မြင်ကွင်းလို့ သုံးသပ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း နိုင်ငံတကာက ၄င်းအပေါ် ယုံကြည် ထောက်ခံမှုတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချပြီး ၄င်းတို့ အစိုးရ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြည်တွင်း အာဏာ နိုင်ငံရေး အခင်းအကျင်းထဲက အခက်အခဲတွေကို ကုစားမယ်ဆိုရင် အလွန်ကောင်းတဲ့ အသွင်ကူးပြောင်းရေး လမ်းပေါ်ရောက်မယ်လို့ ယုံကြည်မိပါတယ်။

ဖြစ်စဉ်တွေအပေါ် တချက်ချင်း ပြန်လှန်သုံးသပ်ကြည့်ရင် လက်ရှိ အခင်းအကျင်းအားလုံးကို ဖန်တီး ပုံဖော်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ဒီကနေ့လို ထူးခြားတဲ့ နေ့မှာပဲ လူလုံးထွက်ပြတာဟာ နိုင်ငံရေးအရ ၄င်းတို့ ပုံဖော်လိုတဲ့ အခင်းအကျင်းကို လုံးဝ အသာစီးရသွားတာကို ပြသတာပဲလို့ ယူဆနေတဲ့သူတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာတော့ တချိန်က အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖန်တီးခဲ့တဲ့ ယခင်အာဏာရ အစိုးရတာဝန်ယူခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အပြတ်အသတ်ရှုံးနိမ့်ခဲ့တာပါ။

 သို့သော်လည်း NLD အစိုးရ ရယ်လို့ ဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးများနဲ့ ခရိုနီကြီးတွေရဲ့ နာမည်ပျက် စာရင်းတွေအားလုံး အဆုံးသတ်ခဲ့ပါပြီ။

ဒီနောက်ပိုင်းမှာတော့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အပေါင်းအပါ စီးပွားရေး သမားတွေကပဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးတွဲ စီးပွားလုပ်ခွင့်တွေရရှိလာပြီး ဆင်းရဲသား နင်းပြားတွေရဲ့ဘဝတွေကတော့ ပိုပိုပြီး ဆင်းရဲ နိမ့်ကျလာတာပါပဲ။

 ဒီလိုအခြေအနေတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုပဲ အပြစ် ပုံချပြီး ဝေဖန်နေရင်လည်း
မတရားရာ ကျပါလိမ့်မယ်။

တဖက်ကလည်း မဟာမိတ်အင်အားစုတွေအားလုံးနဲ့ နီးကပ်တဲ့ ဆွေးနွေး တိုင်ပင်မှုတွေနဲ့အတူ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အတူတကွ ညှိနှိုင်းတိုင်ပင်အဖြေရှာ ကျော်လွှားသွားတဲ့ အခင်းအကျင်းသစ်ကို ဖန်တီးဖို့ ပိုပြီး လိုအပ်နေတယ်လို့ သုံးသပ်မိပါတယ်။




ဗညား ~



No comments:

Post a Comment