Pages

Friday, March 10, 2017

ဦးဝီရသူနဲ့ မြန်မာ့ လက်ရှိ နိုင်ငံရေး

နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ သင်္ကန်းဝတ် ဦးဝီရသူ ဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာနဲ့ တရားပွဲတွေကနေ အမုန်းတရား ဖြန့်ဝေမှုတွေ ဆက်တိုက် ကျူးလွန်ယုံ သာမက၊ မကြာသေးခင်က ထိပ်လန့် တုန်လှုပ်ဖွယ်
ကောင်းသော လုပ်ကြံမှုကိစ္စတို့ကို ကျူးလွန်သူတွေအပေါ် ကျေးဇူးတင်စကား ပြောကြားမှုတွေနဲ့ပတ်သက်ပြီး မကြာခင်ဖမ်းဆီးတော့မယ်ဆိုတဲ့ သတင်းတွေ အခိုင်အမာရထားခဲ့ပါတယ်။




ဒါပေမယ့် အခုထိ ဦးဝီရသူကို ဖမ်းဆီးခြင်း မရှိသေးတဲ့ အပေါ် လွန်စွာပဲ စဉ်းစားစရာ ဖြစ်လာနေပါတယ်။

မြန်မာ့သမိုင်းမှာ လူထု ထောက်ခံမှု အများဆုံးနဲ့ အစိုးရဖြစ်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဦးဆောင်တဲ့ အစိုးရ တက်လာချိန်မှာ အခုလို ရမ်းကားနေတဲ့ ဦးဝီရသူလို ရဟန်းအသွင်ယူထားသူကို ဖမ်းဆီးဖို့ခက်နေသေးတာဟာ အကြောင်းတွေ ရှိမယ်ဆိုတာ လူတိုင်း နားလည်နိုင်မယ်ထင်ပါတယ်။

 အထူးသဖြင့် မြန်မာ့အသွင်ကူးပြောင်းရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ တရွေ့ခြင်းသာ သွားနေရတဲ့ အခါသမယမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ တချိန်က စစ်ခေါင်းဆောင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနတွေကို စစ်တပ်ကပဲ ဆက်လက် ထိမ်းချုပ်ထားတာနဲ့ လွှတ်တော်ထဲ ၂၅ ရာခိုင်နှုန်းက စစ်တပ်ကပဲ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမည်တင်သွင်းမှုနဲ့ စစ်တပ်ကိုယ်စားလှယ် လွှတ်တော်အမတ်တွေဖြစ်ကြတာ အားလုံး သိထားပြီးသားပါ။

 ဒါကြောင့် မြန်မာအစိုးရဟာ စစ်တပ်တပိုင်း၊ အရပ်သား တပိုင်း အစိုးရ ( Hybrid Government) ရယ်လို့ ခေါ်ဆိုကြတာလည်းဖြစ်ပါတယ်။

 ဒီလိုအခြေအနေမှာ တသက်လုံး အာဏာကို လက်ဝယ် သိမ်းပိုက်လာခဲ့တဲ့ စစ်တပ်နဲ့ စစ်တပ်ကျော
ထောက်နောက်ခံအုပ်စု၊ ပါတီတွေအနေနဲ့ အခုလို အာဏာမျှဝေပေးခဲ့ရတဲ့ အပေါ် အတော်ပဲ စိတ်မသက်မသာဖြစ်နေကြတာ အသေအချာပါပဲ။

 ဒါကြောင့်ပဲ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာရင် ဖွဲ့စည်းပုံပြင်ဆင်ရေး ခက်ခဲအောင် ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲ ပြဌာန်းခဲ့တာပါ။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို အသေအလဲ ကာကွယ်နေသူတွေကတော့ စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီ အဖွဲ့အစည်းတွေပဲဖြစ်တယ်။

စစ်တပ်က အစိုးရအဖွဲ့တွင်းက အဓိက ဝန်ကြီးဌာန ၃ ခုကို ကိုင်တွယ်ပြီး ကာကွယ်သလို လွှတ်တော်တွင်းက ၂၅ ရာခိုင်နှုန်းနဲ့လည်း ကာကွယ်ပါတယ်။

အလားတူ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ/ဖွံ့ပါတီကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အသေအကြေကာကွယ်သလို စစ်တပ်နဲ့ ကြံ/ဖွံ့တို့ရဲ့ လက်ပါးစေ မဘသ (အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အသင်း)ဆိုတာကလည်း ကာကွယ်ပေးနေပါတယ်။

 မဘသမှာ ဦးဝီရသူဟာ ထင်ရှားတဲ့ ရဟန်း အသွင်ယူထားသူ တဦးပါ။ ဦးဝီရသူနဲ့ မဘသကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အခိုင်အမာ အားပေးထောက်ခံနေတာကတော့ လူသိရှင်ကြားရော၊ လူမသိ သူမသိရောဖြစ်မယ်ထင်ပါတယ်။

 အခုပဲ မဘသ ကို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးပြီး ဗိမာန်တော်ကြီး လှူဒါန်းပန္နက်တင်အခမ်းအနားကျင်းပတာ လူသိရှင်ကြားပါ။

ယမန်နှစ်ကလည်း ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သင်္ကန်းဝတ် ဦးဝီရသူကို သွားရောက် ဖူးမျှော် လှူဒါန်းမှုတွေ လုပ်ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေ လူမှု ကွန်ယက်မှာ အထင်အရှားပျံ့နှံခဲ့ပါတယ်။

 မကြာသေးခင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုက လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို မီးမောင်းထိုးပြလိုက်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တဦးဖြစ်တဲ့ ဆွေဝင်းက ပြည်သူကိုယ်စား မေးသင့် မေးထိုက်တဲ့ မေးခွန်းထုတ်မှု တွေလုပ်ဆောင်ခဲ့လို့ အခုဆို မဘသ အဖွဲ့ဝင် ဦးဝီရသူရဲ့ တပည့်တဦးက တရားစွဲဆိုထားတယ်။

 လုပ်ကြံမှုကျူးလွန်သူတွေလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြည်လင်း၊ ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်၊ ဒု ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နဲ့ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးတို့ကို မဘသနဲ့ ဦးဝီရသူတို့က သူရဲကောင်းတွေ အဖြစ် ချီးမွမ်းကြပြီး ဦးဝီရသူက ကျေးဇူးတင်ကြောင်းပါ လူသိရှင်ကြား ထုတ်ဖော်ရေးသား ပြောဆိုခဲ့ပါတယ်။

 ဒါဟာ မြန်မာနိုင်ငံရဲ့အကြမ်းဖက်မှုကာကွယ်တဲ့ ဥပဒေအရရော၊အခြား ရာဇဝတ်မှုတွေအရပါ ဦးဝီရသူကို ဖမ်းဆီးလို့ ရတဲ့ အခြေအနေတခုကို ရောက်လာပါတယ်။

ဒါကြောင့် ဦးဝီရသူကို တရားစွဲထားသူတွေလည်း ပေါ်ပေါက်လာခဲ့တာပါ။ ဒါပေမယ့် အခုထိ ဦးဝီရသူကို ဖမ်းဆီးမှု မရှိတဲ့ အပြင် ကိုဆွေဝင်းကို ဖမ်းဆီးဖို့ တရားစွဲဆိုမှုကိုလုပ်ဆောင်ခဲ့တာပါ။ ကိုဆွေဝင်း ဆိုတာ မကြာသေးခင်က အင်းဝ အပ်ချုပ်ဆိုင် အိမ်ဖော်မလေးတွေ ကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သမ္မတ ဦးထင်ကျော် အစိုးရရဲ့ပြန်ကြားရေးဝန်ကြီးဌာနကနေ ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခံခဲ့ရသူပါ။

 အခုတော့ ကိုဆွေဝင်းလည်း မဘသ၊ စစ်တပ်နဲ့ စစ်တပ်လိုလားသူ ကြံ့/ဖွံ့ တို့ရဲ့ အင်နဲ့အားနဲ့တိုက်ခိုက်မှုကို
ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှုက အစပြုကား ကိုဆွေဝင်းကို ဖမ်းဆီးထိမ်းသိမ်းဖို့ ခြိမ်းခြောက်ခံလာရတဲ့ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သမ္မတ ဦးထင်ကျော် အစိုးရဟာ စစ်တပ်ကို အံတုပြီး ဦးကိုနီလုပ်
ကြံခံရမှုအမှုမှန်ပေါ်ရေး၊ ဦးဝီရသူကို ဖမ်းဆီးရေး၊ ကိုဆွေဝင်းကို အကာအကွယ်ပေးရေးတွေ လုပ်မလား၊
မလုပ်ဘူးလားဆိုတာကတော့ အားလုံးက မျှော်လင့် တကြီး စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။

ဦးဝီရသူကို လက်ရှိအစိုးရက အမြန်ဆုံး ဖမ်းဆီးထိမ်းသိမ်းလိုက်မယ်ဆိုရင် သူ့ကို ဝန်းရံထောက်ခံနေသူတွေ လည်း တွန့်ဆုတ်သွားမှာ ဖြစ်သလို အဖျက်အမှောင့် လုပ်နေတဲ့ အင်အားစုတွေကိုလည်း လူထုထောက်ခံမှုနဲ့ အနိုင်ယူနိုင်မှာဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ဦးဝီရသူဟာ ဧရာဝတီတိုင်းမှာ တရားဟောခွင့် ပိတ်ထားပေမယ့် မအူပင်မှာတော့ တားမြစ်မှုကို ချိုးဖောက်ပြီး တရားပွဲကျင်းပနေပါတယ်။ ဒါဟာ အကဲစမ်းမှုတွေ ဆက်တိုက် လုပ်ဆောင်လာနေတာသာ ဖြစ်တယ်လို့ ကောက်ယူနိုင်ပါတယ်။

တဆက်တည်းမှာပဲ ဗုဒ္ဓဘာသာကို နိုင်ငံတကာအလယ်မှာ သိက္ခာကျစေရန်လုပ်ဆောင်နေတဲ့ ဦးဝီရသူနဲ့ မဘသကို အားပေးထောက်ခံနေသူများဟာ ဗုဒ္ဓသာသနာတော်ကို ထိမ်းသိမ်းစောင့်ရှောက်ကာကွယ်မယ်ဆိုတဲ့ စကားလုံးလေးနဲ့ ကာထားပြီး သာသနာကို ဖျက်ဆီးနေသူတွေဖြစ်တယ်ဆိုတာလည်း ငြင်းမရပါဘူး။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော် အစိုးရမှာ အာဏာ အပြည့်အဝ မရှိသေးပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်မှာ စစ်တပ်နဲ့နားလည်မှုယူရင်း ဒီမိုကရေစီအရေး အသက်၊ သွေး၊ ချွေး စတေးပေးဆပ်နေရသူတွေနဲ့ တဖြည်းဖြည်း အလှမ်းဝေးလာနေတာကတော့ ငြင်းမရနိုင်ပါဘူး။

ဒါကို အချိန်မီ ဟန်ချက်ညီညီ ဘယ်လို ထိမ်းညှိသွားမလဲဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သမ္မတ ဦးထင်ကျော် အစိုးရအပေါ်ပဲ တည်မီနေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

မောင်မောင်ကြီး ( မန္တလေး ) 

 မှတ်ချက်။ ။ မောင်မောင်ကြီး ( မန္တလေး )သည် မန္တလေးမြို့ အခြေစိုက် သတင်းသမား တဦးဖြစ်သည်။



No comments:

Post a Comment