Pages

Saturday, March 4, 2017

၄၈ နာရီအတွင်း မြောက်ကိုရီးယား သံအမတ် မလေးရှားက ထွက်ခွာရမည်

မလေးရှားနိုင်ငံက မြောက်ကိုရီးယား သံအမတ် မစ္စတာ Kang Chol ကို ၄၈ နာရီအတွင်း နိုင်ငံတွင်းက ထွက်ခွာဖို့ ပြောဆိုလိုက်ပါပြီ။




သူ့ကို မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Anifah Aman က မတ်လ ၄ ရက်နေ့ညနေ ၆ နာရီမှာ တွေ့ဆုံကာ အခုလို နှင်ထုတ်ခဲ့တာဖြစ်တယ်လို့ မလေးရှားသတင်းတွေက ဆိုပါတယ်။

" သူဟာ သတ်မှတ်ထားတဲ့ ၄၈ နာရီအတွင်း နိုင်ငံကနေ ထွက်ခွာသွားမယ်လို့ မျှော်လင့်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ အန်ရဲ့ အဖေတူ အမေကွဲအကိုတော်စပ်သူ ကင်မ်ဂျုံနမ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အဆိပ်နဲ့ တိုက်ခိုက် လုပ်ကြံသတ်ဖြတ်မှာ နောက် ကွယ်က ပါဝင်ပတ်သက်တယ်လို့မလေးရှားက ဆိုပါတယ်။

 မလေးရှားနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန် အဆက်အသွယ်ရှိတဲ့ နိုင်ငံ အနည်းငယ်ထဲက တခုလည်းဖြစ်ပြီး အခုလို သံတမန်နည်းလမ်းအရ အရေးယူမှုဟာ နိုင်ငံတွင်းမှာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်မှုမှာ မြောက်ကိုရီးယားသံရုံးနဲ့ပတ်သက်တယ်ဆိုတဲ့ ပြောဆိုမှုတွေ အပြီး အခုလို အရေးယူလာတာပါပဲ။

 အခင်းဖြစ်ပွားပြီးနောက် ဖမ်းဆီး စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး ယမန်နေ့ကတော့ တဦးကို မြောက်ကိုရီးယားနိုင်ငံကို ပြန်ဖို့ လွှတ်ပေးခဲ့ပါတယ်။

ဒီအရင်က အရေးယူမှုကလည်း မလေးရှားနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံသားတွေ ဗီဇာကင်းလွတ်ခွင့် ပေးထားတာကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပြီး အခုလို သံတမန်ရေးထိ ပြင်ထန်စွာ အရေးယူလိုက်တာပါ။

မြောက်ကိုရီးယားတွေဟာ မလေးရှားနိုင်ငံတွင်းမှာ ပြောင်ပြောင်တင်းတင်း အခုလို နိုင်ငံရေး ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာဟာ မလေးရှားရဲ့အချုပ်အခြာကို မထိမဲမြင်ပြုယုံသာမက စော်ကားခဲ့တာပဲလို့လည်း မလေးရှားသတင်းဝေဖန်သုံးသပ်သူတွေက ရေးကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံကိုတော့ နိုင်ငံတကာက အကြမ်းဖက်မှုတွေကို နိုင်ငံတော်ကိုယ်တိုင်က ကျူးလွန်နေတယ်လို့ ပြောဆိုစွပ်စွဲနေကြတာ ဆယ်စုနှစ်တွေနဲ့ ချီပြီး ရှိနေပါပြီ။

မြန်မာနိုင်ငံမှာလည်း ၁၉၈၃ ခုနှစ်က အလားတူ ဖြစ်ရပ်မျိုး ကြုံခဲ့ရဖူးပါတယ်။ ၁၉၈၃ ခု အောက်တိုဘာလ ၉ ရက်နေ့က တောင်ကိုရီးယား သမ္မတ ချွန်ဒူးဝမ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ မြောက်ကိုရီးယား အထူးတပ်က ဇင်မို၊ ကင်မင်ချူးနဲ့ နောက်တယောက်တို့က ဗုံးခွဲ တိုက်ခိုက်ခဲ့တာပါ။

အဲဒီတုန်းက သမ္မတ ချွန်ဒူးဝမ်က ဆိုက်ရောက်မလာသေးခင် ဗုံးပေါက်ကွဲမှုဖြစ်သွားတဲ့ အတွက် အသက်ဘေးက လွတ်မြောက်သွားသော်လည်း အာဇာနည်ကုန်းမှာ ကြိုတင်ရောက်ရှိနေတဲ့ တောင်ကိုရီးယား ဝန်ကြီးတွေ၊ အဆင့်မြင့် အစိုးရ ဝန်ကြီးတွေ အပါအဝင် မြန်မာအရာရှိများ စုစုပေါင်း ၂၁ ဦး သေဆုံးပြီး ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 အဲဒီနောက် မြန်မာနိုင်ငံက မြောက်ကိုရီးယားကို သံတမန် အဆက်ဖြတ်လိုက်ခဲ့တာပါ။

ဒါပေမယ့် နဝတ၊ နအဖ စစ်အစိုးရများလက်ထက်က မြောက်ကိုရီးယားနဲ့ တိတ်တဆိတ် ပြန်လည် ဆက်သွယ်ခဲ့ပြီး မြောက်ကိုရီးယားထံက လက်နက်နဲ့ နည်းပညာတချို့ဝယ်ယူဖို့ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ထွက်ပေါ်လာခဲ့တယ်လို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ထောက်ပြခဲ့ကြပါတယ်။

အဲဒီကတည်းက ရန်ကုန်မြို့မှာ မြောက်ကိုရီးယားက တရား မဝင့်တဝင် ကောင်စစ်ဝန်ရုံးဖွင့်လှစ်ကာ မြောက်ကိုရီးယား စားသောက်ဆိုင်ကိုလည်း ဖွင့်လှစ်ရင်း ၂ နိုင်ငံ ဆက်ဆံရေးကို ပြန်လည် ပေါင်းကူးနေခဲ့တာရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေက အတော်ကို မြည်ဟီးခဲ့ပါတယ်။



  အိမ့်သံစဉ် ~



No comments:

Post a Comment