အမေရိကန်ဒေါ်လာ ၉၀၀၀၀အား လိမ်လည်သွားသူ GEORGIA
နိုင်ငံသားနှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သူ့တို့ရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။
ရန်ကုန် ရဲတပ်ဖွဲ့၏ ဖော်ပြချက်မှာတော့ ဧပြီလ ၂၀ ရက်နေ့ ညနေ ၄ နာရီလောက်က ကျောက်တံတားမြို့နယ်တွင်းက ဦးဇော်ဝင်း ဖွင့်လှစ်ထားတဲ့ Pacific Money Changer မှာ အသက် ၅၀ ဝန်းကျင်အရွယ်ရှိတဲ့ နိုင်ငံခြားသား ၂ ဦး ရောက်လာပြီး အမေရိကန် ဒေးလာ ၉ သောင်းကို ဝယ်ယူလိုကြောင်းပြောလို့ တစ်ဒေါ်လာလျှင် မြန်မာ ကျပ်ငွေ ၁၃၅၀ နှုန်းနဲ့ သဘောတူပြီး အရောင်းအဝယ်လုပ်ခဲ့ရာ၊ နောက်မှ လိမ်လည်မှုဖြစ်မှန်း နောက်မှ သိရတယ်လို့ ဆိုပါတယ်။
"နိုင်ငံခြားသားနှစ်ဦးက လက်ခံသဘောတူသဖြင့် အမေရိကန်ဒေါ်လာ ၉၀၀၀၀ အား၎င်းတို့ အသင့်ပါလာသော အဖြူရောင်ပေါ်တွင် အနီစက်များပါကြွပ်ကြွပ်အိတ် ၃ အိတ်ဖြင့် ဒေါ်လာ ၃၀၀၀၀စီအားထုပ်ထည့်ကာ အတက်ချီကေ့စ်လက် ကိုင်သေတ္တာဖြင့် ကောင်တာပေါ်တင်လျက်ဖွင့်၍ ၀ယ်ယူထားသော ဒေါ်လာငွေများထည့်ထားပြီး မြန်မာငွေများအား သွားယူဦးမည်ဟု ပြောဆိုကာ ၎င်းအတက်ချီကေ့စ်အား၍ ဆိုင်အတွင်းကောင်တာပေါ် ထားရှိကာ ထွက်သွားခဲ့ကြောင်း၊ ၎င်းနောက် အတက်ချီကေ့စ်အား အဆိုပါနိုင်ငံခြားသားနှစ်ဦးက လာရောက်ယူဆောင်ခြင်းမရှိသဖြင့် ဖွင့်ကြည့်ရာ သေတ္တာအတွင်း၌ ဆိုင်မှဝယ်ယူထားသောဒေါ်လာများ မဟုတ်ဘဲ အမေရိကန်ဒေါ်လာတစ်အုပ်စီတွင် ရှေ့နောက် ၁၀၀တန် ဒေါ်လာငွေများစည်းလျက် အတွင်း၌ ၁ ဒေါ်လာတန်ငွေများထည့်သွင်း ထားသော ဒေါ်လာငွေ ၃ အုပ်ဖြစ်ကြောင်းသိရသဖြင့် အမေရိကန် ဒေါ်လာငွေ ၉၀၀၀၀အားလိမ်လည်ရယူသွားသူ နိုင်ငံခြားသားနှစ်ဦး အားအရေးယူပေးရန် တိုင်တန်းချက်အရ ကျောက်တံတားမြို့မရဲစခန်း (ပ)၁၅၀/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ဖြင့် အမှုဖွင့်ကာ ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်"ဟု ရန်ကုန် ရဲတပ်ဖွဲ့က ဖေ့စ်ဘုတ်မှာ ဖော်ပြပါတယ်။
ဒါကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဓာတ်ပုံနဲ့ သတင်းအချက်အလက်များ ဖြန့်ဝေခဲ့ပြီးနောက် ဧပြီလ ၂၁ ရက်နေ့က မနက် ၁ နာရီခန့်က ရန်ကုန် လေဆိပ်မှာ သံသယဖြစ်ဖွယ် နိုင်ငံခြားသား ၂ ဦးကို အသေးစိပ် စစ်ဆေးခဲ့ရာမှာ ၄င်းတို့ဝတ်ဆင်ထားတဲ့ အတွင်းခံ ဘောင်းဘီတွင်းက အမေရိကန် ဒေါ်လာ ၉ သောင်း ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ နိုင်ငံခြားသား ၂ ဦးကတော့ ဂျော်ဂျီယာနိုင်ငံသားတွေဖြစ်တဲ့ အသက် ၆၄ နှစ်ရှိ MR.JANJGAVA REVAZ နဲ့ အသက် ၅၁ နှစ်ရှိ MR. NARMANIA MALKHAZ တို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုထားပါ တယ်။
အဆိုပါ နိုင်ငံခြားသား ၂ ဦးဟာ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသွားဗီဇာနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး ဧပြီလ ၈ ရက်နေ့ကနေ မေလ ၆ ရက်နေ့ထိ နေထိုင်ခွင့် ရထားသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
အိမ့်သံစဉ် ~
ဓာတ်ပုံ/ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဖေ့စ်ဘုတ်

No comments:
Post a Comment