ယနေ့ မြန်မာအမျိုးသမီးအလုပ်သမားတွေအတွက် ဥပဒေအရအကာအကွယ်ပေးမှုတွေ လိုအပ်နေသေးသလို
အလုပ်အကိုင်အခွင့်အလမ်းတွေဟာလည်း အားနည်းနေသေးတာကိုတွေ့ရပါတယ် ။
ကျမတို့ နိုင်ငံရဲ့ အမျိုးသမီးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမျိုးသမီးသမ္မတ ဖြစ်ပိုင်ခွင့်ကို ၂၀၀၈ ဥပဒေအရကန့် သတ်ပိတ်ပင်ခြင်းခံနေရတယ်။
ဒါကြောင့်တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကပဲ ၂၀၀၈ ဥပဒေပြင်ဆင်ရေးအ တွက်ဆန္ဒပြနေရတုန်း - ကျမတို.နိုင်ငံရဲ.ဒီမိုကရေစီ အကူးအပြောင်းကာလမှာ အမျိုးသမီးတွေဘယ်လိုနေရာတွေမှာ ပါဝင်ခွင့်ရနေကြပြီလည်း တစ်ကယ်ရော လုပ်ပိုင်ခွင့်တွေရပြီလားဆိုတာဆန်းစစ်ဘို့ လိုပါတယ် ။
ပြည်ထောင်စုအဆင့် အမျိုးသမီး ဒုတိယ၀န်ကြီး ( ၄ ) ဦး ၊ ပြည်သူ့ လွှတ်တော်အမျိုးသမီးအမတ် ( ၁၈ ) ဦး ၊ အမျိုးသားလွှတ်တော်အမျိုးသမီးအမတ် ( ၄ ) ဦး ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အမျိုးသမီးအမတ် ( ၂၁ ) ဦး ဆိုပြီး ရှိရာမှာ နိုင်ငံကိုကိုယ်စားပြုတဲ.အမျိုးသမီး လွှတ်တော်အမတ်များဟာ တွက်ကြည့်မယ်ဆို လွှတ်တော် တွင်းလူဦးရေရဲ့ ၄% ပဲရှိနေတာကိုတွေ့ရပါတယ် ။
ဒီအမျိုးသမီးလွှတ်တော်အမတ်တွေရဲ.ဆွေးနွေးတင်ပြ ပိုင်ခွင့်ကရော ဘယ်အတိုင်းအတာအထိအသိအမှတ်
ပြုခံနေရပြီလဲ။
အမျိုးသမီးပြည့်တန်ဆာတွေအတွက် ကာကွယ်စောင့်ရှောက်ခွင့်ဥပဒေတစ်ရပ်ပေါ်ပေါက်လာဖို့ လွှတ်တော်မှာ တင်ပြဆွေးနွေးပေးခဲ့တဲ့ ဒေါ်စန္ဒာမင်းရဲ့ အဆိုကိုရော အဲဒီလွှတ်တော်တွင်းမှာရှိတဲ့ အမတ်များက အလေး ထားဆွေးနွေးပေးခဲ့သလား။
အခုချိန်ထိ ဒီဥပဒေ မပေါ်သေးတဲ့ အပြင် ပြည့်တန်ဆာနှိမ်နင်းရေးဥပဒေအရ တစ် ၀မ်းတစ်ခါးအတွက် ကိုယ်ခန္တာနဲ့ ရင်းပြီး ရှာစားရတဲ.မိန်းကလေးတွေကိုသာဖမ်းဆီးထောင်ချပြီး အဲဒီမိန်းကလေးတွေအပေါ် ကာမဆန္ဒအရ ကျူးလွန်ကြတဲ့ အမျိုးသားများကိုတော့ ဖမ်းဆီးထိမ်းသိမ်းခြင်းလုံးဝမရှိခဲ့ပါဘူး ။
ယနေ.ကျမတို့ နိုင်ငံအမျိုးသမီးများရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လုပ်ပိုင်ခွင့်တွေ အားနည်းနေပါသေးတယ်။
အမျိုးသမီးများကို အလုပ်အကိုင်အခွင့်အလမ်းတွေပေးနေပေမယ့် လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ထားမယ်ဆိုရင် ဒါဟာအမျိုးသမီးတွေရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ စွမ်းအားအရင်းအမြစ်တွေကို အသုံးချခံလိုက်ရခြင်းပဲဖြစ်ပါ တယ် ။
မြန်မာနိုင်ငံထဲမှာဘယ်လောက်ဘဲလူ့ အခွင့်ရေးတွေအော်နေပါစေ ကျား/မ တန်းတူအခွင့်အရေးတွေ ရှေ့တန်းတင်နေပါစေ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး --စတဲ.အလုပ်အကိုင်ဏ္ဍ တွေမှာပါဝင်လုပ်ဆောင်နေ
ကြ တဲ့ အမျိုးသမီးတွေအဖို့ ယနေ့အချိန်ထိ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ ပိုင်ခွင့် ကန့်ကွက်ပိုင်ခွင့်နဲ့ ဘ၀လုံခြုံရေးအ တွက်စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲပါ ။
အမျိုးသမီးတွေအပေါ် လေးစားယုံကြည်မှုဆိုတဲ.ယဉ်ကျေးမှုမရှိသေး တာကိုဖေါ်ပြနေသလိုပါဘဲ ။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကို တစ်ကမ္ဘာလုံးကကျင်းပနေပေမယ့် အမျိုး သမီးအခွင့်အရေးကာကွယ်စောင့်ရှောက်မှု ဥပဒေတိတိ ကျကျ မရှိသေးရင်တော့ အဆံမပါတဲ.အမြောက်ပစ် ဖေါက်ရာများဖြစ်နေမလားလို့ ထင်မိပါတယ် ။
မတ်လ ၈ ရက်နေ့ ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ပါ။ လက်တွေ.ဘ၀မှာရော မြန်မာအမျိုးသမီး တွေရဲ့ ဘ၀တွေမြင့်ခဲ့ကြပြီလား။
လုပ်ငန်းခွင်စိန်ခေါ်မှုတွေက ရောဘယ်လိုလဲ ကြည့်ရအောင် အထက်တန်း လွှာ ၊ အလယ်အလတ်တန်းလွှာ ၊ အခြေခံလူတန်းစား--- စတဲ.အလွှာအသီးသီးက အမျိုးသမီးအလုပ်သမားတွေ နဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကိုလေ့လာကြည့်ရင် ပညာရေး ဌာနတွေမှာ ပါမောက္ခ ဌာနမှူး ၊ ကထိက ၊ လက် ထောက်ကထိကနေရာတွေမှာ အမျိုးသမီးတွေကိုခန့် ထားတယ်။
ဒါပေမယ်. ၂၀၁၁ အလုပ်သမားအဖွဲ.အစည်းဥ ပဒေအရ ပေါ်ပေါက်လာတဲ. မန္တလေးတက္ကသိုလ်ဆရာများအဖွဲ.၀င် ကထိကဆရာမကတော. အသင်းဝင်ပြီးတစ် တစ်လအတွင်းနယ်ပြောင်းခံရတယ် အဲဒီနေရာမှာလည်းအခြားဆရာဆရာမများနဲ.ခွဲခြားဆက်ဆံခံရတယ်။
ကဲ ဘယ်မလဲ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ၊ စစ်ဗိုလ်တစ်ယောက်မိန်းမယူရင်သူ ယူမယ့် မိန်းမကပညာတတ်ဖြစ်ပါမှ အဲဒီစစ်ဗိုလ်ကို စစ်ဗိုလ်ချုပ်ရာထူးဆက်တက်ခွင့်ရှိတဲ့ခေတ်၊ စစ်ဗိုလ်နဲ့ ယူမိတဲ့ပညာ တတ်အမျိုးသမီး ကြပြန်တော့ ဗိုလ်ကတော် မို့ ဗိုလ်ချုပ်ကတော်မို့ဆိုပြီး အမျိုးသမီးရေးရာလိုဟာမျိုး ၊ ကြံ့ခိုင် ဖွံ.ဖြိုးရေးလိုနေရာမျိုးတွေမှာ ကိုယ်တိုင်က စိတ်ဝင်စားသည်ဖြစ်စေ မ၀င်စားသည်ဖြစ်စေ ဥက္ကဌ - အတွင်းရေး မှူးအဆင့်ထိ ပါရပြန်ရော။
တစ်ကယ့်တစ်ကယ်တော့ သူတို့လည်းအထက်ကညွှန်ကြားချက်အတိုင်းလိုက်လုပ်ရ တဲ့ အသုံးတော်ခံအမျိုးသမီးများအဆင့်သာရှိကြတာမို့ ပြောမယ်ဆို အမျိုးသမီးအခွင့်အရေးဆုံးရှုံးရသူများထဲ မှာ ကတော်စာရင်းဝင်အမျိုးသမီးပညာတတ်များပါနေတာကိုလည်းတွေ့ရပါတယ် ။
ယနေ့ ကျမတို့ နိုင်ငံရဲ့ အလုပ်လက်မဲ့ ပြဿ နာထဲမှာလည်းခေတ်ပညာတတ် အမျိုးသမီး ၅၀% ကျော်ပါဝင်နေတာကိုတွေ.ရပါတယ်။
အဲဒါက လုပ်ငန်းရှသ်များရဲ့ အလုပ်ခေါ်ဆိုမှုကန့်သတ်ချက်တွေကြောင့်လည်းပါ ပါတယ်။ အမျိုးသမီးအလုပ်သမားတစ် ကိုခန့်တော့မယ်ဆိုရင် ဘွဲ့ရပညာတတ်ယုံမက ရုပ်ရည် အသင့်အတင့်ရှိရ မည်၊ လူမှုဆက်ဆံရေးကောင်းမွန်ရ မည်၊ လုပ်ငန်းခွင်အတွက်အရေးကြီးပါက အချိန်မရွေးလုပ်ဆောင်နိုင်ရမည် ဆိုတဲ့ ကန့်သတ်မှုကြောင့် ဘွဲ့ရ ပညာတတ်အမျိုးသမီးချင်း အတူတူခွဲခြားဆက်ဆံခံနေရတဲ.ယနေ.အမျိုးသမီးများရဲ့ စိန်ခေါ်မှုလှိုင်းအားကလည်း ပြင်းထန်လွန်းပါတယ် ။
ဘွဲ့ရပညာတတ်ပြီး ပင်ကိုယ်ဝါသနာအရ ရုပ်ရှင်သရုပ်ဆောင် လုပ်ချင်သူ ၊ ဂီတကိုမှ ခုံမင်သူအမျိုးသမီးများ ကြပြန်တော့ သူတို့ရဲ့ အနုပညာ အတတ်ပညာတွေကို ပြည်သူလူထုဆီ ချပြခွင့် လုပ်ဆောင်ပိုင်ခွင့်တွေရှိဘို့ အရေး ဒါရိုက်တာ ၊ ဇာတ်ညွှန်းရေးဆရာ ၊ ကုမ္မဏီပိုင်ရှင် ၊ တေးထုတ်လုပ်သူ -- စတဲ. အမျိုးသားများရဲ့ ကာမဆန္ဒ ကိုဖြည့်ဆည်းကြရတဲ့သူတွေ ထုနဲ့ဒေး။ ဒါကိုမဟုတ်ပါဘူးလို့တော့ မငြင်းစေချင်ဘူး။
အမျိုးသမီးတွေကို ကာမ ဆက်ဆံပြီး အင်တာနက်တွေပေါ်တင်နေတဲ့ အမျိုးသားများရဲ့ယုတ်ညံ့မှုတွေအားလုံးသိထားပြီးကြပြီ။
ဒါပေမယ့် အဲဒီအမျိုးသားတွေကို ဘယ်ဥပဒေနဲ့ မှ အေ၇းယူဆောင်ရွက်ခြင်းမရှိသေးတာကို က ကျမတို.နိုင်ငံမှာ အမျိုး သမီးတွေကို တန်ဘိုးထားရကောင်းမှန်း မသိသေးဘူးဆိုတဲ့ သက်သေပြချက်မို့ အမျိုးသမီးဘ၀မြှင့်တင်ဘို့ အမျိုးသမီးကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတစ်ရပ်ပေါ်ထွက်ဘို့ ၀ိုင်းဝန်းကြိုးစားစေချင်ပါတယ် ။
ရန်ကုန်တိုင်းလှိုင်သာယာစက်မှုဇုန် ၊ ရွှေပြည်သာစက်မှုဇုန် ၊ မင်္ဂလာဒုံစက်မှုဇုန် ၊ မှော်ဘီစက်မှုဇုန် နဲ့ မန္တလေး တိုင်း ၊ စစ်ကိုင်းတိုင်းအတွင်းစက်မှုဇုန် တွေမှာအလုပ် ညလုပ်နေကြတဲ့ အလုပ်သမားဦးရေ ရာခိုင်နှုံး ကိုကြည်.ရင် ၉၀% သောအလုပ်သမားများဟာ အမျိုးသမီးအလုပ်သမားများဖြစ်နေတာကိုသိရပါတယ် ။
ဒီ အ မျိုးသမီးအလုပ်သမားတွေဟာ နေ.စဉ်နဲ.အမျှ အလုပ်ရုံ စက်ရုံတွေထဲမှာသူတို့ရဲ့ အချိန်တွေကိုစက်၇ုံထဲမှာပဲ ကုန်ဆုံးစေခဲ.ရပါတယ် ။
ဒါပေမယ့် လုပ်ခလစာ မလုံလောက်မှု ၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိမှု ၊ စက်ရုံတွင်း အန္တရာယ်ကာကွယ်ပေးမှုမှာအားနည်းနေမှုနဲ့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေမှုတွေကြောင့်ဆန္ဒပြတောင်း ဆိုရတဲ့ အဆင့်ထိရောက်ကြရပါတယ်။
အမျိုးသမီးအလုပ်သမားအင်အားများတာမို့ အလုပ်သမားဆန္ဒပြခေါင်း ဆောင်တွေထဲမှာ အမျိုးသမီးအလုပ်သမားခေါင်းဆောင်တွေ အင်နဲ့ အားနဲ့ ပေါ်ထွက်လာပါတယ်။
၂၀၁၂ ခုနှစ်အ တွင်းအလုပ်သမားဆန္ဒပြမှုများထဲမှာ ဟိုင်မိုဆံပင်တုစက်ရုံ ( လှိုင်သာယာ ) ၊ တော်ဝင်မြန်မာဇာထိုးပန်းထိုး စက်ရုံ ( လှိုင်သာယာ ) ၊ တိုးမြတ်အောင်အထည်ချုပ်စက်ရုံ( လှိုင်သာယာ ) ၊ငွေကန့်ကော်အထည်ချုပ်စက်ရုံ (လှိုင်သာယာ ) ၊ FAMOSO အထည်ချုပ်စက်ရုံ ( မင်္ဂလာဒုံ ) --- စတဲ့ စက်ရုံအလုပ်သမားဆန္ဒပြပွဲတွေမှာအမျိုး သမီးအလုပ်သမားခေါင်းဆောင်တွေရဲ့ စနစ်တကျဦးဆောင်မှုတွေ တာဝန်ယူမှု တာဝန်ခွဲဝေမှု တွေကတစ်ဆင့် အမျိုးသမီးများရဲ့ ဦးဆောင်နိုင်မှုစွမ်းရည်တွေကိုပြည်သူလူထုဆီချပြနိုင်ခဲ့တယ်။
လုပ်ငန်းရှင်နဲ့ အလုပ်သမားဝန် ကြီးဌာန ဆိုတာကလည်း အလုပ်သမားတွေရဲ့ သဘောဆန္ဒတွေကိုလျစ်လျူရှုမနေနိုင်တော့ပဲ ညှိနှိုင်းဖြေရှင်း ပေးရတဲ့ အထိဖြစ်လာရတယ် ။
ဒါပေမယ့် ဒီအမျိုးသမီးအလုပ်သမားတွေမှာ တောင်းဆိုချက်တွေကိုအပြည့်အ၀ မရသေးတဲ့ အပြင် ၁၉၅၁ အလုပ်သမားဥပဒေအရ သတ်မှတ်ပေးထားတဲ့ အမျိုးသမီးအလုပ်သမားအခွင့် အရေးလည်းမရကြသေးပါဘူး။
ပိုဆိုးတာက အမျိုးသမီးအလုပ်သမားခေါင်းဆောင်တွေကို အလုပ်ရှင်ဘက်က အကြောင်းမဲ့ အလုပ်ထုတ်နေခြင်းပါပဲ။
FAMOSO အထည်ချုပ်စက်ရုံ အမျိုးသမီးအလုပ်သမားခေါင်းဆောင်နှစ်ဦး ကို အလုပ်ရှင်က အလုပ်ထုတ်ခဲ့ပါတယ်။
ကြားသိရသလောက်ကတော့ အလုပ်သမား ဒုဝန်ကြီးရဲ့ အလုပ်သမား ခေါင်းဆောင်များနဲ့တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်ခွင့်ရခဲ့တဲ့ AMOSO အထည်ချုပ်စက်ရုံ အမျိုးသမီး အလုပ်သမားခေါင်းဆောင်နှစ်ဦးဟာ စက်ရုံတွင်းအချိန်ပိုခိုင်းစေမှုနဲ့ပတ်သက်တဲ့ အချက်ကိုတင်ပြဆွေနွေးမှု ကြောင့် အလုပ်ထုတ်ခံရတယ်လို့ သိရပါတယ်။
အလုပ်ထုတ်ခံရတဲ့ အမျိုးသမီးများအနေနဲ့ အလုပ်သမားရေး ရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ( ၂၀၁၂ ) နဲ.အညီ အလုပ်သမားညှိနှိုင်းရေးရုံးအဆင့်ဆင့်ကိုအကြောင်းကြားပြီး ညှိနှိုင်းခဲ့ကြပါတယ်။
နောက်ဆုံး ခုံသမာဓိကောင်စီအထိ ညှိနှိုင်းခဲ့ရာမှာ အမျိုးသမီးအလုပ်သမားနှစ်ဦးကို စက်ရုံတွင်း အလုပ်ပြန်ခန့်ထားစေ ( သို့ ) စက်ရုံတွင်းအလုပ်ပြန်မခန့်ပါက လုပ်ခလစာကို အလုပ် - လုပ် သကဲ့သို့ သတ်မှတ်ပြီး လစာအပြည့်ပေးစေလို့ ဥပဒေအရဆုံးဖြတ်ချက်အပေါ် အလုပ်ရှင်က အလုပ်ပြန်မခန့်ပဲ လစာပေးထားပါတယ်။
အလုပ်သမားဟာ လစာယူထားတဲ့အတွက် အခြားအလုပ်လည်းလုပ်လို့ မရပါဘူး။ နောက်ပြီးအလုပ်သမားဆိုတာ စက်ရုံအလုပ်ရုံထဲမှာပဲ အလုပ် လုပ်နေရမှာပါ။
စက်ရုံပိုင်ရှင်ဘက်က ဒီလိုထက် ထက်မြက်မြက်ရှိတဲ. အမျိုးသမီးခေါင်းဆောင်တွေ သူ့စက်ရုံထဲ မရှိပါမှ ကျန်အလုပ်သမားအများစု အပေါ် သူ့ အလိုကျခိုင်းစေနိုင်မှာဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေးတွေတောင်းလာမယ်၊ နောက်ထပ်ခေါင်းဆောင်တွေ ပေါ်လာမယ်ဆိုရင် သူဘယ်လောက်ထိ နှိမ်နင်းနိုင်တယ်ဆိုတာကို အလုပ်သမားတွေမြင်သာအောင်သက်သေပြရာလည်းရောက်ပါတယ် ။
FAMOSO အထည်ချုပ်စက်ရုံအလုပ်သမားတွေအလုပ်ထုတ်ခံရတာဟာ အလုပ်သမားထုတစ်ရပ်လုံးအပေါ် စိန်ခေါ်လိုက်တာပါပဲ။
ဒီအတွက် စက်ရုံတွင်းအလုပ်သမားအခွင့်အရေးတွေဘယ်လောက်ဆုံးရှုံးပါစေ၊ အလုပ်သမားတွေခေါင်းမထူလာနိုင်တော့ပါဘူး။
အလုပ်ရှင်ဘက်ကတော့ရေရှည် အကျိုးအမြတ်တွေ ရနေအုံးမှာပါ။
နိုင်ငံတော်ဥပဒေအရဆိုရင်လည်း အလုပ်သမားညှိနှိုင်းရေးရုံးက ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်တဲ့ လုပ်ငန်းရှင်တွေအပေါ် အရေးယူဆောင်ရွက်ပိုင်ခွင့် ဥပဒေ မရှိသေးတာကြောင့် ကျမတို့ အမျိုးသမီးအလုပ်သမားတွေအတွက် ဘ၀အာမခံချက်တွေအခုထိမရှိသေးပါဘူး။
ဒါကြောင့် အမျိုးသမီးအခွင့်အရေး ၊ လူ့ အခွင့်အရေး ဆိုတဲ့ အသံတွေကိုအော်ဟစ်နေမယ့်အစား တကယ်လက်တွေ့ကျတဲ့ အမျိုးသမီး ကာကွယ်စောင့်ရှောက်မှုဥပဒေတွေပေါ်ပေါက်လာအောင် အမျိုးသမီး အမျိုးသား အားလုံးပူးပေါင်းဆောင်ရွက်ဘို. လိုပါတယ်။
အမျိုးသမီးအားလုံးအပေါ်ယုံကြည်မှုပေးနိုင်ပါစေ..
အမျိုးသမီးများရဲ့ လုပ်ငန်းခွင်စိန်ခေါ်မှုများပပျောက်နိုင်ပါစေ။
မာမာဦး ~
စာရေးသူ မမာမာဦးသည် ၈၈ မျိုးဆက် ကျောင်းသူ တဦးလည်းဖြစ်သလို၊ နိုင်ငံရေးအကျဉ်းသား ဟောင်းတဦးလည်းဖြစ်ပြီး ယခုအခါ အလုပ်သမားအရေး အထူးအလေးပေး လုပ်ဆောင်နေလျက် ရှိသည်။

No comments:
Post a Comment