သင်္ကြန်တွင်းမှာ မွေးဖွားခဲ့တဲ့ ကျမဟာ သင်္ကြန်ရောက်တိုင်း ရင်ခုန်ရပါတယ်။ အခုလို မြန်မာနိုင်ငံနဲ့ ဝေးတဲ့ ဥရောပမှာ ရောက်နေချိန်ဟာ သင်္ကြန်ကို ရင်ခုန်ဖို့ အတော်ပဲ ခက်ခဲလှပါတယ်။ ဒါပေမယ့် ကျမအတွက် သင်္ကြန်ဆိုတာကို ဒီနှစ်မှာတော့ ရင်ခုန်ခွင့် ရလိုက်ပါတယ်။
နယ်သာလန်က မမင်းမင်းဝဿ န်နဲ့ ဖေ့စ်ဘုတ်ကနေ စကားစမြည်ပြောကြရင်း နယ်သာလန်မှာ သင်္ကြန်မိုး အဖွဲ့က ကြီးမှူး လုပ်မယ့် သင်္ကြန်ပွဲကို အလည်လာဖို့ ဖိတ်ခေါ်ချိန်မှာ ကျမရင်ထဲ အတိုင်းမသိ ကြည်နူးမိလို့ လာဖြစ်အောင် လာမယ်လို့ ပြောလိုက်တယ်။
ဒါနဲ့ စီစဉ်စရာ ရှိတာ စီစဉ်ပြီး နယ်သာလန်နိုင်ငံကို လေယာဉ်ခရီးနဲ့ မိသားစု ထွက်လာခဲ့ကြတယ်။ လေဆိပ်မှာတော့ ကိုကျော်စိုးဝင်းနဲ့ မမင်းမင်းဝဿ န်တို့က လာကြိုနေကြတယ်။
နယ်သာလန်သင်္ကြန်ပွဲမှာ မြန်မာ့ရိုးရာ အစားအသောက်တွေကို စတုဒီသာကျွေးမွေးတဲ့ အစီအစဉ်လည်း ရှိပြီး ဈေးရောင်းပွဲလည်း လုပ်ဖို့စီစဉ်ထားတာမို့ ကျမတို့ မိသားစုကတော့ ရှမ်းခေါက်ဆွဲနဲ့ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
ဧပြီလ ၇ ရက်နေ့ ညနေပိုင်းကတည်းက နယ်သာလန်နိုင်ငံရောက် မြန်မာတွေ စုဖွဲ့ထားတဲ့ သင်္ကြန်မိုး အဖွဲ့က အခမ်းအနားအတွက် ပြင်ကြဆင်ကြ တစည်းတလုံး ဝိုင်းလုပ်နေကြတော့ ရင်ထဲ ပီတိဖြစ်ရတယ်။
နောက်နေ့ ဧပြီလ ၈ ရက်နေ့မှာတော့ သင်္ကြန်ပွဲကို Maarssen/Utrecht လို့ခေါ်တဲ့ မြို့မှာ ကျင်းပခဲ့ကြတာပါ။ ထူးခြားတာက တိုင်းရင်းသားတွေကပါ ရိုးရာ အကတွေနဲ့ ဖျော်ဖြေမှုတွေနဲ့ သင်္ကြန်ပွဲလေးက ပိုစည်းကားသွားခဲ့တာပေါ့။
သင်္ကြန်ပွဲကို လာရောက်ကြသူတိုင်း လိုလို သက်ဆိုင်ရာ တိုင်းရင်းသား ရိုးရာအဝတ်အစားတွေနဲ့ မြန်မာရိုးရာ အဝတ်အစားတွေ ဝတ်ဆင်လာကြရင်း အားလုံးရဲ့ မျက်ဝန်းတွေမှာ ပြုံးပျော်နေတာတွေမြင်ရတော့ အတော်ပဲ စိတ်ထဲ ကြည်နူးမိတယ်။
ကလေးငယ်လေးတွေကလည်း တိုင်းရင်းသား ရိုးရာဝတ်စုံလေးတွေနဲ့ ပြက္ခဒိန်ရိုက်ကူးကူညီမှုနဲ့အတူ ကပြဖျော်ဖြေကြတာလည်း အလွန်ချစ်စရာ ကောင်းလှပါတယ်။
နယ်သာလန်မှာ ဒီလို သင်္ကြန်ပွဲလေးကို မြန်မာမိသားစုတွေ စုပေါင်းပြီး ကျင်းပနိုင်တာဟာ ကျက်သရေလည်း ရှိပြီး ဒေသခံ တွေကလည်း မြန်မာတွေအပေါ် လေးစားမှုပိုမိုရရှိစေခဲ့တာ အမှန်ပါပဲ။
မြန်မာနိုင်ငံသားတွေဟာ နိုင်ငံရပ်ခြားကို ရောက်နေကြပေမယ့် မိမိတို့ရဲ့ တိုင်းရင်းသား ရိုးရာဓလေ့တွေကို အစဉ်အလေးထားထိမ်းသိမ်းကြတာတွေနဲ့ ညီညီညွတ်ညွတ် လုပ်ဆောင်နေကြတာတွေကြောင့် ပဲလို့ ပြောရမှာပါ။
နယ်သာလန်သင်္ကြန်ပွဲလေးဟာ သင်္ကြန်သီချင်းတွေ၊ သင်္ကြန်အငွေ့အသက်တွေနဲ့ တကယ့် မြန်မာနိုင်ငံ အသေးလေးတခု နယ်သာလန်နိုင်ငံမှာ ဖြစ်ထွန်းတာပဲလို့ခံစားခဲ့ရလို့ စီစဉ်သူ သင်္ကြန်မိုး အဖွဲ့သားတွေနဲ့ တက်ရောက်လာကြသူ မြန်မာနိုင်ငံသားတွေကိုလည်း ရင်ထဲက ကျေးဇူးအထူးတင်မိပါတယ်။
ဒါကြောင့်လည်း နှစ်စဉ် နှစ်တိုင်း နယ်သာလန်မှာ သင်္ကြန်မိုးလေး ရွာသွန်းရင်း မြန်မာနိုင်ငံသားများရဲ့ ကိုယ်စိတ်နှစ်ပါးအေးချမ်းမှု၊ ပျော်ရွှင်မှုတွေကို ထာဝရ ပေးစွမ်းနိုင်စေဖို့ ဆုမွန်တောင်းဖြစ်တယ်။
သင်္ကြန်မိုးအဖွဲ့က ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုကျော်စိုးဝင်းကလည်း သင်္ကြန်မိုးအဖွဲ့ကို သင်္ကြန်ကိစ္စသာမက မြန်မာနိုင်ငံကနေ လာရောက်နေထိုင်ကြသူတွေအတွက် လူမှုရေး ကိစ္စတွေကိုပါ လုပ်ဆောင်ဖို့ စိတ်အားသန်တာကို သိရတော့ ရင်ထဲ ပိုလို့ကြည်နူးမိရပါတယ်။
အထူးသဖြင့် နာရေး ကိစ္စတွေမှာ မြန်မာနိုင်ငံက သက်ဆိုင်ရာ ဓလေ့ထုံးစံနဲ့ အညီ သင်္ကြန်မိုး အဖွဲ့ကလေးက ကူညီချင်တဲ့ အိပ်မက်တွေကို သူ အကောင်အထည်ဖော်ဖို့ ပြောဆိုသံတွေကြားရတော့ ဒီလို မွန်မြတ်တဲ့ အလုပ် လုပ်ခွင့်ရသူတွေအတွက် ဂုဏ်ယူမိပါသေးတယ်။
အိမ့်သံစဉ် ~
ဓာတ်ပုံ/ လင်းသန့်

No comments:
Post a Comment