Pages

Sunday, May 7, 2017

ကဗျာဆန်တဲ့ ဂီထွန် / Giethoorn

နယ်သာလန်နိုင်ငံကို အလည်အပတ်သွားကြမယ်ဆိုရင် မဖြစ်မနေသွားသင့်တဲ့ နေရာတွေက တကယ်တော့ အတော်များလှပါတယ်။ ဒါပေမယ့် အဲဒီလိုများတဲ့ အထဲက နယ်သာလန်နိုင်ငံရဲ့ ဗင်းနစ် အသေးလေးလို့တင်စားခေါ်ဝေါ်တဲ့ ဂီထွန်ဆိုတဲ့ ဒတ်ခ်ျ ရွာလေးက အတော်ပဲချစ်စရာ ကောင်းပြီး အေးချမ်းသာယာလှပါတယ်။




ဒတ်ခ်ျလို Giethoorn ( ဂီထွန် )ဆိုတဲ့ ရွာလေးကို ရေမြောင်းလေးတွေနဲ့ ဖွဲ့တည်ထားတာဖြစ်ပြီး အီတလီနိုင်ငံက ဗင်းနစ်ဆိုတဲ့ ရေမြို့တော်လေးလိုပေါ့။ ဒါပေမယ့် ကျမတို့ မြန်မာနိုင်ငံက အင်းလေး လိုလည်း မဟုတ်ပါဘူး။

ဂီထွန်ရွာမှာတွေ့ခဲ့ရတဲ့ ဗုဒ္ဓ မျက်နှာတော် ( ဓာတ်ပုံ / အိမ့်သံစဉ် )

 ဂီထွန် ခေါ် နယ်သာလန် ဗင်းနစ် ရွာလေးဟာ ဒေသခံ ဒတ်ခ်ျတွေအတွက်တော့ လူသိများခဲ့တာကြာပြီဖြစ်ပေမယ့် တကယ်တော့ ၁၉၅၈ ခုနှစ်နောက်ပိုင်း ရုပ်ရှင်ဒါရိုက်တာ Bert Haanstra ရဲ့ ရုပ်ရှင်ကြောင့် လူသိများခဲ့တာပါ။



လမ်းပန်းဆက်သွယ်ရေးအဖြစ် ရေမြောင်းတွေမှာ လှေလေးတွေနဲ့ လှည့်လည်သွားလာကြရတာဖြစ်ပြီး ဒတ်ခ်ျရိုးရာ နေအိမ်ချစ်စရာလေးတွေကို ရှု့မောရတာ ရင်ထဲ အေးချမ်းလှပါတယ်။ ဂီထွန်ရွာမှာ နေထိုင်သူ လူဦးရေက ၂၆၀၀ ကျော် လောက်ပဲရှိတာပါ။

ဒါပေမယ့် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အမြဲပဲ ဒီရွာလေးက လူစည်ကားပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေအလာများပြီး အထူးသဖြင့် တရုတ် ကမ္ဘာလှည့်ခရီးသွားတွေက တနှစ်ကို လူပေါင်း ၁ သိန်းခွဲကနေ ၂ သိန်းလောက်ထိ လာကြတာပါ။



ဒေသခံ ဒတ်ခ်ျရွာသူ ရွာသားတွေကလည်း အေးချမ်းပြီး ဖော်ရွေကြပါတယ်။ သူတို့ရဲ့ ရိုးရှင်းတဲ့ လူနေမှု ဘဝတွေက သူတို့ ဘဝတွေကို အေးချမ်းမှုတွေ ပေးနေတယ်လို့ နားလည်ပါတယ်။

(အများနဲ့ လှေစီးမယ်ဆိုရင် တယောက်ကို ၇ ယူရိုလောက်ပေးရပါတယ်) 

 ကျမ ရဲ့ အိမ့်သံစဉ် ဘလော့ဂ် စာဖတ်ပရိသတ်တွေကိုလည်း အခု ဆောင်းပါးလေးနဲ့အတူ ကျမ လည်ပတ်ခဲ့တဲ့ ဂီထွန် ဒတ်ခ်ျရွာလေး သို့မဟုတ် နယ်သာလန်က ဗင်းနစ် အသေးလေးဆီကို ကျမ ရိုက်ကူးခဲ့တဲ့ ဗွီဒီယို မှတ်တမ်းလေးနဲ့ မိတ်ဆက်ပြီး အလည်ခေါ် သွားပါရစေ။။



(ဂီထွန်ရွာလေးဆီသို့  တကူးတက လိုက်ပို့ပေးတဲ့ သူငယ်ချင်း ဂျူးလီနဲ့ အတူ လှေသမားလေးတို့နဲ့ အမှတ်တရ..) 






အိမ့်သံစဉ် ~



No comments:

Post a Comment