Pages

Saturday, August 12, 2017

မုန့်လင်မယား လုပ်စားကြမယ် .....

 မြန်မာနိုင်ငံက လူအများကြိုက်ကြတဲ့ အစားအသောက်တွေထဲမှာ မုန့်လင်မယား ဆိုတာ တခုအပါအဝင်ပါပဲ။
                                                
   မုန့်လင်မယား / ဓာတ်ပုံ- အိမ့်သံစဉ် 




 ဒီလို နာမည်ဆန်းတဲ့ မုန့်လင်မယားဆိုတာကို မြန်မာနိုင်ငံမှာတော့ အလွယ်တကူ ဝယ်စားလို့ရနိုင်ကြပေမယ့် နိုင်ငံရပ်ခြား ရောက်နေတဲ့ ရွှေမြန်မာတွေနဲ့ ကိုယ့်အိမ်မှာပဲ စိတ်ကြိုက် လုပ်စားချင်သူတွေအတွက် မုန့်လုပ်နည်းလေး ပြန်လည် မျှဝေပါတယ်။

 ပထမ ဦးစွာ မုန့်လင်မယား လုပ်တဲ့ သံကြွပ် ဒယ်အိုတချပ် လိုပါမယ်။

ဓာတ်ပုံ/ အိမ့်သံစဉ် 

တကယ်လို့ မြန်မာပြည်ကလို သံကြွပ် ဒယ်အို မရှိနိုင်တဲ့ နိုင်ငံရပ်ခြားမှာတော့ ကိတ်မုန့်လုပ်တဲ့ အခါမှာ အသုံးပြုတဲ့ မိုခွက် နဲ့လုပ်လို့ရပါတယ်။  ကျမကတော့ မုန့်လင်မယားလုပ်တဲ့ သံကြွပ် ဒယ်အိုးကို အာရှကနေ တကူးတက သယ်လာခဲ့တာပါ။

 မုန့်ရည်စပ်နည်း လိုအပ်သောပစ္စည်းများ

 ၁။ ဆန်မှုန့်
၂။ ပဲအစိမ်းမှုန့်
 ၃။ ဂျင်း
၎။ ကြက်ဥ
 ၅။ ဆား
၆။ ကြက်သားမှုန့်
၇။ ဆော်ဒါမှုန့်
 ၈။ စတော်ပဲပြုပ်
၉။ ကြက်သွန်နီအမိတ်






 ဆန်မှုန့် ၄၀၀ ဂရမ် တစ်ထုပ်ကို ဖောက်ပြီး သန့်ပြန့်တဲ့ ဇလုံကြီးကြီး တခုထဲထည့်ပါ။ ထို့နောက် ပဲမှုန့် အစိမ်းမှုန့်ကို စတီးဇွန်း ၂ ဇွန်း ခွဲ ထည့်ပါ။ ( ကျမကတော့ မွှေးပဲစိမ်းမှုန့်ကို သုံးပါတယ်။ ) ထို့နောက် သမအောင် ရောမွှေပါ။

 ပြီးရင် ကြက်ဥ ၂ လုံး ခလောက်ပြီးထည့်ပါ။ ဂျင်း လက်တဆစ်ခွဲလောက်ကို ညက်ညက်ထောင်းပြီး အရည်ညှစ်ထည့်ပါ။ ဆော်ဒါ လက်ဘက်ရည်ဇွန်း တဝက်ထည့် ပါ။ ဆား၊ ကြက်သားမှုန့် အသင့်အတင့်ထည့်ပါ။

ရေ ၁၅၀၀ ဂရမ်ခန့်ထည့်ပါ။ ရောသမ အောင်မွှေပါ။ မပြစ်လွန်း၊ မကျဲလွန်းသော အနေအထားရှိနေရပါမယ်။

 ပြီးရင် ကြက်သွန်မိတ် ပါးပါးလေး လှီးပြီး မုန့်ရည်ထဲမှာ ရောသမမွှေပါ။ ပြီးရင် အနည်းဆုံး ၃ နာရီလောက် မုန့်ရည်ကို နှပ်ထားပါ။

 မီးဖိုပေါ်ကို မုန့်လင်မယားအိုးကို တင်ပါ။ မုန့်ခွက်လေးတွေထဲမှာ နေကြာဆီကို ခွက်ရဲ ၄ ပုံ တပုံစာလောက်စီကို ဖြည့်ထားပါ။

ဆီကျက်လာပြီးတာနဲ့ မုန့်ရည် လောင်းထည့်ပါ။ ပြီးရင် စတော်ပဲပြုတ်ကို မုန့်မျက်နှာပြင်ပေါ်ထည့်ပါ။ နှမ်းထောင်းဖြူးစားချင်သူတွေလည်း မိမိနှစ်သက်သလို လုပ်ဆောင်နိုင်ပါတယ်။

 မုန့်သား ကျက်သည်အထိ စောင့်ပါ။ ကျက်ပြီးသား မုန့် တွေကို မျက်နှာချင်းဆိုင်ပေါင်းစပ်ပေးထားပြီးရင်တော့ အရသာရှိတဲ့ မုန့်လင်မယားတွေကို မိတ်ဆွေတို့ စိတ်ကြိုက် သုံးဆောင်နိုင်ပါပြီ။






 အိမ့်သံစဉ် ~





No comments:

Post a Comment